သွားမတိုက်ခင်နဲ့ သွားတိုက်ပြီး အစာစားဖို့ ဘယ်လောက်အချိန်ခြားသင့်လဲ
တစ်နေ့ကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားတိုက်ဖို့ သွားနဲ့ခံတွင်း ဆရာဝန်တိုင်း အကြံပေးတာကို ကြားဖူးကြမှာပါ။ နောက်ထပ် သိထားသင့်တဲ့အချက်တစ်ချက်ကတော့ သွားမတိုက်ခင်နဲ့ တိုက်ပြီးချိန်မှာ အစာထပ်စားဖို့ ခြားသင့်တဲ့ အချိန်အတိုင်းအတာပါ။
မနက်ခင်းသွားတိုက်မယ့်သူများအနေနဲ့ အိပ်ရာထပြီးတာနဲ့ သွားတိုက်ခြင်းဟာ အကောင်းဆုံးအကျင့်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ညအိပ်ချိန်မှာ ခံတွင်းထဲ ရေမသောက်ထားတဲ့အတွက် ရေဓာတ်ခန်းခြောက်နေပြီး ဘက်တီးရီးယားပိုးတွေ ပွားများနေမှာပါ။ ဒါကြောင့်လည်း မနက်အိပ်ရာခင်း နိုးထလာချိန်မှာ
အာပုပ်နံ့ (Morning Breath) ရတာပါ။
မနက်အိပ်ရာနိုးပြီး ရေသောက်လိုက်တဲ့အခါ ခံတွင်းထဲ
ရေဓာတ်ပြန်ရသွားတယ်ဆိုပေမယ့် တကယ်တမ်း သွားတိုက်ပြီးမှသာ ပိုးမွှားတွေဖယ်ရှားခြင်းနဲ့ တံတွေးများများထွက်တဲ့ လုပ်ငန်းစဉ်ကို ပြန်စပေးတာပါ။
ဒီတော့ မနက်ခင်းအိပ်ရာထပြီဆိုတာနဲ့ ဘာအစားမှမစားခင် သွားအရင်တိုက်ပြီး ရေချိုးပါ။ အဝတ်အစားဝတ်ပြီးချိန်မှာ အနည်းဆုံး နာရီဝက်လောက်တော့ ရှိပါလိမ့်မယ်။ အဲဒီအချိန်မှသာ မနက်စာစားခြင်းက အကောင်းဆုံးပါပဲ။ မနက်ခင်းအချိန်မှာ မနက်စာကလွဲပြီး တခြားသရေစာတွေ စားဖို့ ခဲယဉ်းတာကြောင့် ဒီအချိန်အတိုင်း သွားတာက သင့်ခံတွင်းကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မှာပါ။
ညဘက်ဆိုရင်တော့ ညစာစားတဲ့အချိန်နဲ့ နောက်ဆုံးသွားတိုက်တဲ့အချိန်ကြားမှာ တစ်နာရီလောက်တော့ ခြားထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ညစာကို ညနေ ၆-၇ နာရီထက် နောက်ကျပြီး မစားဖို့နဲ့ ကိုယ်က ည ၁၁ နာရီအိပ်မှာဆိုရင် ၁၀ ခွဲလောက် နောက်ဆုံးထားပြီး သွားတိုက်တာက သင့်လျော်ပါတယ်။
သွားတိုက်ပြီးတာနဲ့ ကိုယ့်ရဲ့ညအိပ်ခါနီး လုပ်စရာရှိတဲ့အရာတွေကို ဆက်လုပ်ပြီး အိပ်ရာထဲကို ဝင်ပါ။ ရုပ်ရှင်ကြည့်တာ၊ မုန့်ပဲသရေစာစားတာ၊
အချိုရည်၊ အအေးသောက်တာတွေ ရှောင်ပြီး ရေတစ်မျိုးတည်းကိုသာ သောက်ပေးဖို့ လိုပါမယ်။
သွားမတိုက်ခင်နဲ့ သွားတိုက်ပြီး အစာတန်းစားရင် ဘာဖြစ်နိုင်လဲ။
သွားရဲ့အပေါ်ယံကြွေလွှာတွေကို အားနည်းစေနိုင်တဲ့အတွက် သွားတိုက်ချလိုက်တဲ့အခါ ကြွေလွှာတွေကိုပါ တိုက်စားလိုက်သလို ဖြစ်သွားစေနိုင်ပါတယ်။ ဒီအတွက်ကြောင့် သွားတိုက်ချိန်နဲ့ အစာစားချိန်ကို အနည်းဆုံး နာရီဝက်မှ တစ်နာရီထိ ခြားထားဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် အက်စစ်ဓာတ်များတဲ့ အစားအသောက်တွေဖြစ်တဲ့ အသီးအနှံ၊ ဖျော်ရည်များ၊ အချိုဓာတ်လွန်ကဲတဲ့ မုန့်များ၊ နွားနို့၊ ဒိန်ချဉ်တွေကို စားသောက်ပြီးသွားတဲ့အခါ သွားကြားထဲမှာ ဒီစားကြွင်းစားကျန်တွေသာမက အက်စစ်ဓာတ်တွေပါ ကျန်ခဲ့ပါတယ်။ ဒီအခါ ကိုယ်က ဖလူရိုဒ်ပါတဲ့ သွားတိုက်ဆေးနဲ့ သွားကိုခြစ်ပြီးတိုက်လိုက်တဲ့အခါ သွားအပေါ်ယံကို အက်စစ်ဓာတ်နဲ့ ပွတ်စားလိုက်သလို ဖြစ်သွားပါတယ်။
ဒီအတွက်ကြောင့်
- အချဉ်ဓာတ်လွန်ကဲတဲ့ အစားအစာများ - သံပရာသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ အသီးအနှံဖျော်ရည်များ
- နို့ထွက်ပစ္စည်းများ - နွားနို့၊ ပဲနို့၊ ဒိန်ချဉ်၊ ရေခဲမုန့်၊ ချိစ်
- အချိုဓာတ်လွန်ကဲတဲ့ စားစရာများ - ဂျယ်လီ၊ ယို၊ မုန့်အချိုများ၊ သကြားပါဝင်တဲ့ မုန့်များ
- အရောင်ပါတဲ့ အစားအစာများ - ကော်ဖီ၊ ချောကလက်၊ ဟင်းခတ်မှုန့်၊ ဖျော်ရည် စတာတွေကို သွားမတိုက်ခင်နဲ့ သွားတိုက်ပြီး စားတာ ရှောင်ကြဉ်သင့်ပါတယ်။
အကယ်လို့ မဖြစ်မနေစားရမယ်ဆိုရင်လည်း အနည်းဆုံး တစ်နာရီလောက်ခြားဖို့၊ အစာစားပြီးတာနဲ့ ရေသောက် ပလုတ်ကျင်းပြီးမှ သွားတိုက်ဖို့၊ အကယ်လို့ သွားတိုက်ပြီးမှ အစာစားမယ်ဆိုရင်လည်း အစာမစားခင် ရေအရင်သောက်ပေးဖို့ အရေးကြီးပါတယ်။
သွားတိုက်ခြင်းဟာ သွားနဲ့ခံတွင်း ကျန်းမာရေးအတွက် အကျိုးရှိတဲ့ နေ့စဉ်လုပ်ပေးရမယ့် အမူအကျင့်ဆိုပေမယ့် တချို့ကိုယ်မထင်ထားတဲ့ စားသောက်နေထိုင်မှုပုံစံကြောင့် သွားနဲ့ ခံတွင်းအတွက် ဆိုးကျိုးဖြစ်စေနိုင်တယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့ဗျာ။
အကောင်းဆုံးကတော့ မနက်ကို အိပ်ရာထတာနဲ့ သွားအရင်တိုက်ပြီးမှ အစာစားတာ၊ ညဘက်ကို သွားတိုက်ပြီးတာနဲ့ အိပ်ရာတန်းဝင်မယ်ဆိုရင်တော့ စားသောက်နေထိုင်မှုပုံစံကို အများကြီး ပြင်ဆင်စရာ မလိုလောက်ပါဘူးခင်ဗျာ။
ရေးသားသူ - ရဲမျိုးမြတ်